05/08/2026
ရှားပါးကျောက်မျက်လောက
ကျောက်လောကဆိုတာ အတော်လေးကျယ်ပြန့်ပါတယ်။ ကိုယ့်လိုင်းနဲ့ကိုယ် သန်ရာလုပ်ကြတာပါ။ စိန် / အနီအပြာ / ကျောက်စိမ်း / ပုလဲ / ရောင်စုံရယ်လို့ အကြမ်းဖျင်းခွဲခြားသိကြတယ်။ နောက်ပိုင်းမှာတော့ ပယင်းတမျိုးပဲသီးသန့်ရောင်းဝယ်သူတွေ၊ ခရမ်းစွဲသီးသန့်တမျိုးထဲလုပ်သူတွေ၊ ပြောင်ခေါင်းစိမ်းတမျိုးထဲရောင်းဝယ်သူတွေ၊ မြကိုပဲသီးသန့်ရောင်းချသူတွေ၊အညံ့ပန်း .. ရွှေတွင်းဝါ .. တိုပက်စ် ... မြပြာ .. ဥဒေါင် ..စသဖြင့် ရောင်းဝယ်စရာကျောက်တွေအတော်လေး ပေါများလာခဲ့ကြတယ်။ ဂျပန်ပုလဲ .. အိုပယ် .. မိုးကုတ်မြ ..တိုမလင်းဖရဲအူ ..စသဖြင့် နိုင်ငံခြားကပြန်ဝင်လာတဲ့ ကျောက်အစုံကလည်း များပြားလှတော့ သူ့နည်းသူ့ဟန်နဲ့ချီတက်နေတဲ့ ကျောက်လောကကြီးက စိတ်ဝင်စားစရာပါ။
ကျောက်အရောင်းအဝယ်ပြီးရင် အထည်ကပ်တဲ့ ရတနာလောကကြီးတခုဆီဆက်သွားကြရတဲ့ ခရီးကလည်းအရှည်ကြီး ကျန်နေပါသေးတယ်။ အဆင့်တိုင်း အဆင့်တိုင်း မှာ ကျွမ်းကျင်သူများစွာနဲ့လုပ်ကိုင်ကြရတာမို့ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရတနာလောကကြီးက များစွာအကျိုးပြုကြပါတယ်။
တခေတ်ပြီးတခေတ် အကျပ်အတည်းတွေကြားကပဲ ရှင်သန်အောင်နေရတဲ့ ရတနာလောကြီးမှာ စီးမျောနေခဲ့ရတာ။
အခန်း (၁)
နေ့ခင်းအပူရှိန်ကိုအန်တုလို့ ကိုကျော်တယောက် ဗိုလ်ချုပ်စျေးမှ မဂိုလမ်း လူးလားခေါက်တာ သုံးခေါက်မြောက်ရှိပြီ။ ကျောက်ပွဲစားဆိုတာကလည်း လေသံကြား ဖမ်းတရားနာလို့ ရတာမျိုးမဟုတ်ဘူးလေ။ ကြည့်ချင်သူ ပြချင်သူတွေရှိရာ ဖင်ပေါ့နေမှ ပရော်ဖက်ရှင်နယ်ပီသတာကိုး။ ရောင်းသူရောဝယ်သူရော မငြိုငြင်ဖို့ အစွမ်းကုန် ရုန်းကြရတာ သဘာဝပါ။
' သာကေတက ဖိုးချိုတော့ လစ်သွားပြီ ' တဲ့။ ' ဟာ! ထင်သားကွ။ ဒီကောင်အခုတလော ဖဲရိုက်နေတာ ကြားမိတယ်။ ငါတို့လည်း ဒီလိုကောင်တွေ ရှိနေတော့ ပွဲစားဆို ကွက်ကြည့်ကွက်ကြည့်နဲ့ လူအထင်သေး ခံရသပါ့ကွာ'
ကိုကျော်တယောက် ခံပြင်းမယ်ဆိုလည်း ခံပြင်းချင်စရာပါ။ ယောက်ကျားနဲ့လောင်းကစား ခွဲခြားမရဆိုသလို လောင်းကစားတွေလုပ်ပြီး ပိုင်ရှင်ကို ပစ္စည်း ပြန်မအပ်နိုင်လို့ ထွက်ပြေးကြသူတွေက တစ်လကို တစ်ယောက်နှစ်ယောက်လောက်က ပုံမှန်ပါ။ အတည်အခန့် ပွဲစားအလုပ်ကို စနစ်တကျကြိုးစားပေမယ့် ဒီလိုဗွေဖောက်သူတွေကြောင့်လဲ မျက်နာငယ်နေရတာ၊ လူကြားသူကြား ဝင်ဆန့်ရခက်နေရတာ ဒီလိုဗွေဖောက်သူတွေကြောင့်ပါ။
အခန်း (၂)
' ကိုကျော် ! ကျောက်တစ်ပွင့်ကို ရောင်းဝယ်တတ်ရုံနဲ့ ကျောက်သမားဖြစ်မလာဘူး ကွ။ ဘူမိသဘောတရားတွေ၊ နိုင်ငံတကာအခြေအနေတွေ သုံးသပ်တတ်မှ မင်းတိုးတက်မှာ ကွ '
လေသံအထက်စီး နဲ့ စီးကရက်ဖွာရင်း ကျောက်ပညာဒသနတွေကို ပိုင်ပိုင်နိုင်နိုင် ပြောပြလေ့ရှိတဲ့ ကိုပိုင်စိုး ကတော့ ကိုကျော်ရဲ့ ဟီးရိုးတယောက်ပေါ့။
ကိုယ်ပိုင်ကားနဲ့ အထက်တန်းကျကျ ကျောက်ပညာရပ်သင်ကြားထားတဲ့ ကိုပိုင်စိုးပါ။ ကော်ဖီတခွက်နဲ့ ဆေးလိပ်ကိုလက်ကမချတမ်း သောက်တတ်တဲ့ ကိုပိုင်စိုးနဲ့ ကြုံတိုင်း ထိုင်နေတဲ့ ဝိုင်းကနေထမရအောင် စီးမျောသွားတတ်တယ်။
ကျောက်ပွဲစားတယောက်အနေနဲ့တော့ ပညာဗဟုသုတ အမြဲမပြတ်ရှာကြရတာပဲလေ။ နိုင်ငံတကာစျေးကွက်တွေအကြောင်း၊ နိုင်ငံခြားကသူငယ်ချင်း အဖြူကောင်တွေအကြောင်း ဂုဏ်ယူစွာပြောပြတတ်သလို ငါတို့ဒီရှားပါးကျောက်ကို ဘယ်လိုရှာခဲ့ရတာဆိုတဲ့ ဇာတ်လမ်းတွေပါလာရင် ကိုကျော်တယောက် အားကျစွာငေးမောနားထောင်ရင်း စျေးသိမ်းချိန်ရောက်ခဲ့ရတယ်။ အိမ်အပြန်ပွဲခ တပြားတချပ်မှမပါပေမယ့် ဘယ်တတ်နိုင်မလဲ ပညာရှာနေရသေးတာကိုး။
' စိုးကြီး ! ငွေငါးထောင်လောက်ကွာ။ ဒီနေ့ အလုပ်မလုပ်လိုက်ရလို့ကွာ '
' မင်းမလဲ ကျောက်ရူးစကားတွေ နားထောင်၊ အလုပ်ပျက်အကိုင်ပျက် နဲ့ အရေမရအဖတ်မရကွာ '
စိုးကြီးက ကိုကျော်တယောက်ငွေလိုတိုင်းဖေးမတတ်ပေမယ့် အာပေါင်အာရင်းသန်သန် ပြောနေတတ်တဲ့ ကိုပိုင်စိုး ကိုတော့ ခံတွင်းမတွေ့တတ်ပါဘူး။ ပွဲစားတယောက်အတွက် လက်လုပ်မှ ပါးစပ်လှုပ်ရမယ့် အခြေအနေမှာ ကိုကျော် တယောက် အလုပ်မလုပ်ပဲ လေလှိုင်းမိတိုင်း ပြောနေကြစကားပါ။
အခန်း (၃)
ကိုကျော်တစ်ယောက် ကိုယ်ပိုင်အငှားဆိုင်လေး ဗိုလ်ချုပ်စျေးထဲမှာ ဖွင့်နိုင်ခဲ့ပြီ။ ကျောက်မျက်အရောင်းအဝယ်လည်း အတန်အသင့်ပြေလည်လာပါပြီ။ ကျွမ်းကျင်တဲ့ ပွဲစားအလုပ်လေးကိုလည်း ဖင်ပေါ့ပေါ့ လုပ်နေတတ်ပြီး ဝါသနာပါတဲ့ ကျောက်မျက်ပညာဆိုတာကြီးကို တက်ရောက်သင်ကြားချင်နေတဲ့ ဆန္ဒကလည်း ရှိနေသေးတယ်။
' ကိုကျော်! ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောက်မျက်ဒီပလိုမာသင်တန်းရှိတယ်လေ။ ခင်ဗျားဘွဲ့ရမှ ကျောက်မျက်ပညာ သင်လို့ရမှာ ဗျ။ သာမန်လူတယောက် ဘယ်လိုတက်လို့ရမှာလဲ '
ကိုကျော်တယောက် ကိုပိုင်စိုးစကားကိုကြားယောင်ရင်း ငယ်ငယ်က ပညာမသင်ခဲ့ရတဲ့ ဘဝပေးအခြေအနေကို အားမလိုအားအရ ဖြစ်နေရတယ်။ ဆယ်စုနှစ် ၂ခုနီးပါး ထီးဖြူဖိနပ်ပြဲ ပွဲစားဘဝကနေ မှန်မှန်လေး ကြိုးစားလာခဲ့ပြီး အခုအချိန်မှာ ဝါသနာပါတဲ့ ပညာရပ်ကို သင်ကြားလိုပေမယ့် အခြေအနေက မပေးပြန်ပြီ။
' ရှင်ဒီလောက် အရောင်းအဝယ်လည်း လုပ်တတ်နေပြီ၊ စိတ်ချယုံကြည်သူတွေလည်း များနေပြီ၊ ကျောက်တွေကိုလည်း သိနေတာ ဘာအချိန်ကုန်ခံ စာသင်ချင်နေတာတုန်း '
မိန်းမကလည်း စာမသင်ရလို့ တခါတခါ အားငယ်တတ်တဲ့ ကိုကျော်ကို ဘဝင်မတွေ့လှ။
' ဘယ် ကျောက်ကဘာ၊ ဘယ်လိုဝယ်ရောင်း လက်တွေ့သိနေတာ မင်းက ကြီးမှ လက်ပေးသင်ချင်နေတာလား ' သူငယ်ချင်း စိုးကြီးကလည်း အပြစ်တင် အားပေးပေမယ့် ခေါင်းမာတဲ့ ကိုကျော်တယောက်ကတော့ ကျောက်မျက်ပညာသင်မှ ဖြစ်မယ်ဆိုတဲ့ ယုံကြည်ချက်ကို မစွန့်လွတ်နိုင်။
အချိန်ရရင်ရသလို ကိုပိုင်စိုးတို့အနားနေပြီး ဂုဏ်ရှိလာသလိုလို ပညာတတ်ကြီးဖြစ်လာသလိုလို ကိုယ်ထင်စိတ်နဲ့ ကျေနပ်နေတတ်လာတယ်။ 'ညနေအရက်သောက်ကြရအောင်ဗျာ' လို့ ကိုပိုင်စိုးတို့ ဝိုင်းထဲက တစ်ဦးတယောက် ဖိတ်ခေါ်ရင်တောင် ပျာပျာသလဲ မငြင်းတတ်ပဲ အားလုံးကို မေ့ထားတတ်သူပါ။
အခန်း (၄)
ကိုကျော်တယောက် သူ့ဆိုင်ကို သူဂရုစိုက်သလို နှစ်ပေါင်းများစွာ အခြေချလာတဲ့ စျေးကွက်ထဲမှာ အထိုက်အလျောက် ငွေစုနိုင်ခဲ့ပါတယ်။ အားလုံးက ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ၊ သာရေးနာရေးကအစ ဝင်ဆန့်နိုင်လာခဲ့တယ်။ တခုပဲ။ ကိုပိုင်စိုးတို့ ပညာရှင်အဖွဲ့နဲ့တွေ့ရင် အလိုလို အောက်ကျို့တတ်မြဲ။ မပြောင်းမလဲ လေးစားတတ်တဲ့ သူ့စိတ်ကလည်း ချစ်ခင်စရာ။
' ကိုကျော် ! ဒါအသစ်ထွက်တဲ့ကျောက်။ ကမ္ဘာမှာ အတော်ရှားတယ်။ အင်တာနက်မှာ ဝင်ဖတ်ကြည့် စျေးက ခေါင်ခိုက်နေတာ။ အရင်းအနှီးရှိတုန်းလေး စုထားဗျ '
ကျောက်နာမည်အသစ်ထွက်တိုင်း ကိုပိုင်စိုးတို့အနားက စျေးပင်မဆစ်ပဲ ဝယ်ယူလေ့ရှိတဲ့ ကိုကျော်တယောက် ရှားပါးကျောက်တွေနဲ့ အပျော်ကြီး ပျော်နေတာ နှစ်တွေ အတန်ကြာပေါ့။
ငွေပိုတွေရှိလာတိုင်း ကိုပိုင်စိုးဆီက ဝယ်ယူတတ်တဲ့ ကျောက်တွေ အချိန်နဲ့အမျှ သိန်းပေါင်းရာထောင်နီးနေခဲ့ပြီ။
' အမေရိကားကျောက်ပွဲလိုမျိုးမှာ ခင်ဗျားကျောက်တွေ လေလံတင်ရင် အခုချိန်ထောပြီဗျ။ ဟိုတရက်က 'ပိန်းနိုက်' ဒေါ်လာသောင်းကြီးပိုင်းရသွားတာ ဟိုတနှစ်က ခင်ဗျားကို ရောင်းပေးခဲ့တဲ့ ကျောက်လောက် မလှဘူးဗျာ '
အခန်း (၅)
' ဟလို! စိုးကြီးလား
တိုင်ပင်စရာရှိလို့ '
'အရောင်းအဝယ်တွေလည်း ပါးလာလို့ စုခဲ့တဲ့ ကျောက်လေးတွေ ပြန်ရောင်းချင်လို့ပါ'
ကိုကျော်တယောက် အားကိုးတကြီးနဲ့ နိုင်ငံခြားဝယ်လက် အမြဲလာတဲ့ ခြံကြီးတခုဆီ ချီတက်ဖို့ စိုးကြီးနဲ့ အဖော်ညှိပြီး ထွက်လာခဲ့တယ်။
' မင်းဘာကျောက်တွေ စုထားတာလဲ ကွ '
အရင်ကတည်းက တိုင်ပင်ဖော်ဖြစ်တဲ့စိုးကြီးနဲ့ ပတ္တမြား နီလာ ကျောက်စိမ်း ရှေးစိန်ကအစ တိုင်ပင်ဖြစ်ပေမယ့် စိုးကြီးနားမလည်တဲ့ ရှားပါးကျောက်တွေဝယ်ခဲ့တာကို အသိမပေးဖြစ်ဘူး။ ကိုပိုင်စိုးတို့လို ပညာရှင်တွေကိုလည်း အထင်မကြီးတတ်သလို ကိုယ်လုပ်မှကိုယ်စားရမယ်ဆိုတဲ့ ခံယူချက်ကြီးတဲ့ စိုးကြီးကို ဘာမှမပြောဖြစ်ခဲ့ဘူး။
သူအထင်ကြီးလေးစားသူတွေဆီကနေ ဝယ်ယူခဲ့တဲ့ ရှားပါးကျောက်တွေကို မြတ်မြတ်နိုးနိုးသယ်ယူနေပုံက ယုယလွန်းနေတယ်။ အခုလိုငွေကြေးရှားတဲ့အချိန် နိုင်ငံခြားဝယ်လက်လာလို့ အပျော်ကြီးပျော်နေရင်း ကံဇာတာတက်ချိန်တကြော့ပြန်လာပြီလို့ ထင်မှတ်ထားတဲ့ ကိုကျော်တယောက် ပြုံးလို့ပျော်လို့။
သူငယ်ချင်းစိုးကြီးကလည်း အဆင်မပြေတဲ့ကိုကျော်တယောက် ပြန်လည်အဆင်ပြေဖို့ ရှားပါးကျောက်အကြောင်းဘာမှနားမလည်ပေမယ့် ကူညီဖို့ အဖော်အဖြစ်လိုက်ပါလာခဲ့တယ်။
' ကိုပိုင်စိုးက အဆက်အသွယ်မလုပ်ဖူးဗျ။ ကျောက်လာရောင်းမယ့်သူ့စရင်းမှာတော့ ပါတယ်လို့ သူငယ်ချင်းကပြောတယ် '
' ဟာ မင်းတို့ဒီလောက်ရင်းနှီးနေကြတာ အရောင်းအဝယ် လက်မတို့ဘူးလား '
' ရှားပါးကျောက်ဆိုတာ လူသိခံလို့ မရဘူးလေဗျာ။ သူတို့လှုပ်ရှားတာလည်း မသိစေချင်လို့ နေမှာပါ '
ရောင်းရမယ့် ခြံထဲရောက်လာတော့ ကိုပိုင်စိုးတယောက် နိုင်ငံခြားသားနဲ့ ဘိုလို လေပေးလေယူဖြောင့်နေတာ။ ကိုကျော်လာပေမယ့် မသိသလို စကားတွေဆက်ပြောရင်း ခြံဝအထိ နိုင်ငံခြားသားနဲ့ လေပေးလေယူတွေ ဖြောင့်နေတာအားကျချင်စရာပါ။
ကိုကျော်ကလည်း သူ့ကိူနူတ်ဆက်မလားလို့ မျက်နှာချင်းဆိုင်လိုက်ကြည့်ပေမယ့် မသိသလို၊ မမြင်သလိုပါပဲ။ အရောင်းအဝယ်ကိစ္စဆိုတော့လည်း ခပ်ဆိတ်ဆိတ်နေတယ်ပဲ ထင်နေမိတယ်။
' ကိုကျော် ကျောက်ပြဖို့ အလှည့်ရောက်ပြီ '
လာခေါ်သူအနောက်ကို လိုက်ရင်း စိုးကြီးကို ခဏစောင့်ဖို့ လက်ဟန်ခြေဟန်နဲ့ပြောပြီး လိုက်သွားတယ်။
အခန်း (၆)
ပိတ်ထားတဲ့ ကိုကျော့်ဆိုင်လေးကို ကြည့်ရင်း စိတ်မကောင်းစွာနဲ့ စိုးကြီးတယောက် ကိုကျော်နဲ့အတူထိုင်နေကြ ဗိုလ်ချုပ်စျေးထဲကလက်ဖက်ရည်ဆိုင်ကို ရောက်လာတဲ့ခဏ ..
' စိုးကြီး ! မင်းသူငယ်ချင်းကိုကျော်တယောက် ဆေးရုံဆင်းပြီ ' ဆို။
' ဟုတ်တယ်၊ ဒါပေမယ့် ညကပဲ ဆေးရုံပြန်ပို့ လိုက်ရတယ်။ ဒီတခါက ရွာသာကြီးဆိုတော့ မလွယ်လောက်ဘူးကွ။ သူစိတ်တွေ ကယောက်ကယက်နဲ့ကွာ'
' ရှားပါးကျောက် ၊ ပိန်းနိုက် ၊ ပေါ်ထရာဒိုက် ဒီသုံးလုံးပဲ ပြုံးပြုံးကြီး ပြောနေတာ '